Saturday, January 2, 2016

နှစ်ခါပြန်မကြည့်တဲ့ ဗီဒီယိုဇတ်ကားများ (ကဗျာ)


      နှစ်ခါပြန်မကြည့်တဲ့ ဗီဒီယိုဇတ်ကားများ

♣   သမီး
     ဖေကြီးလက်သီးဆုပ်ထဲ
     ဘာရှိလဲသိချင်လား ။
♣  ဘာဆိုတာသိချင်စိတ်
     သမီးမျက်ဝန်းရိပ်မှာ
     တဖိတ်ဖိတ်ထင်လာ ။
♣   ပြပါပြပါ
     ကြည့်ချင်လိုက်တာ
     အတင်းပူဆာ ။
♣  အံမာ အံမာ
     အလကားတော့မပြနိုင်ပါ ။
♣    ဒါဆိုသမီးမှာ
     ကျပ်ငါးရာရှိတာယူလိုက်ပါ
     ပြပါပြပါဖေကြီးရာ ။
♣   အံမာအံမာ ငွေငါးရာ
     မက်လောက်စရာမရှိ
     မပြဘိ ။
♣   ဒါဆို တစ်ပတ်
     မုန့်ဖိုးဖြတ်လေ ။
♣   ဟေ ဟေ ဟေ
     တပတ်စာမုန့်ဖိုးငွေ
     နဲလွန်းပေ ။
♣     ဒါဆို နှစ်ပါတ်
     မုန့်ဖိုးဖြတ်ကာ
     ကြည့်ခွင့်ပေးပါ ။
♣   အဖေခေါင်းရမ်း
     သမီးအာသာငန်း ။
♣  ဒါဆို သုံးပါတ်
     တစ်လ နှစ်လ
     သုံးလ ရမရ ။
♣  ဒီထဲမှာ
     သမီးတခါလေးမှ
     မတွေ့ဖူးသေးတဲ့
     ပစ္စည်းလေးမို့
     သုံးလဖို့မုန့်ဖိုးထက်
     ထပ်တက်ပေးအုန်း ။
♣   သမီးခေါင်းကုပ်
     မျက်မှောင်ကျူံ့
     လက်သီးဆုပ်ထဲကအရာ
     (၆)လစာမုန့်ဖိုးနဲ့လဲကြည့်ပြီ ။
♣   ဖြေးဖြေးချင်းဖြေပြ
     လက်သီးဆုပ်ထဲကအရာဟာ
     မတ်စေ့ကလေးတစ်စေ့ပါ ။
♣   သိချင်တာသိ
     ကြည့်ချင်တာကြည့်ပြီး
     ထွက်သွားတော့မယ့်သမီးအား
     ဖေဖေတားလိုက်တယ် ။
♣ ပြီးရင်
     စောစောကမတ်စေ့အား
     အဲဒီလက်ဝါးနဲ့ဘဲပြန်ဆုပ်
     သမီးကိုမေးခွန်းထုတ်ပြန်တယ် ။
♣   သမီး
     ဖေကြီးလက်သီးဆုပ်ထဲ
     ဘာရှိလဲသိချင်လား ။
♣ သိသားဘဲဟာ
     မတ်စေ့တစေ့ပါ ။
♣   ကြည့်ချင်သေးရင်
     ဈေးလျှော့ပေးမယ်
     တလစာမုန့်ဖိုးဖြတ်မှာကွယ် ။
♣   သမီးခေါင်းရမ်း
     ဖေပြုံးသန်း ။
♣  ထပ်လျှော့ပေးမှာ
     တစ်ရက်စာနဲ့သာ
     လဲပြီးကြည့်ပါ ။
♣     ချစ်သမီးခေါင်ရမ်း
     ဖေကြီးပြုံးသန်း ။
♣  ဒါဆိုလဲ
     ငါးရာထဲသာ
     ပေးကြည့်ပါ ။
♣ No No နဲ့သာ
     သမီးခေါင်းခါ ။
♣    ဒါဆိုသမီးရာ
     အလကားသာ
     ကြည့်ကာသွားပါ ။
♣   ဟာ ဟာ ဟာ ဟာ
     ကြည့်ပြီးသားမို့ပြန်မကြည့်ပါ
     ရှိပါစေတာ့သွားပြီနော့ ။
♣   ဖေကြီးဘာဆိုလို
     သမီးပျို
     အလိုလိုနားလည်လာလိမ့်ထင် ။
♣   အော်…..
     မမြင်ရခင်
     ကြည့်ကြချင်
     မြင်ပြီးပါသော်…..။
♣   အေး …
     ဖော်ကြ ဖော်ကြ ရှိသမျှကို။

                         (နဂါးနိုင်)

No comments:

Post a Comment