သော့တံကျိုးနာရီတစ်လုံး
♣ အမှောင်ခန်းငယ်ထဲက
ကလေးတယောက်
ပြတင်းပေါက်ကထွက်
အငိုမျက်လုံးလေးတလည်လည် ။
♣ သူဟာခရီးဆက်
ပြက္ခဒိန်တွေကို
တရွက်ပြီးတရွက်ဝါးမျို ။
♣ သူ့စာမျက်နှာမှာ
သင်ညာတွေချရေး
ရေဒါလေးထဲဝင်သမျှ
သံစဉ်အားလုံး(ကောင်းတာရော၊မကောင်းတာရော)
စုရုံးပြီးမှတ်စွဲ
ဆုံချက်လွဲမှန်းမသိတဲ့မျက်လုံးနဲ့
အရောင်ရဲ့သရုပ်ကို ခွဲလိုခွဲ ။
♣ နောင်မှာ
မောင်ဆိုတဲ့မြို့ကနေ
ဦးဆိုတဲ့မြို့ကိုအပြီးပြောင်း
ပြက္ခဒိန်တွေကိုတော့ ၀ါးကောင်းဆဲဘဲလေ ။
♣ နောက်ပြန်လှည့် ရှေ့တိုးဖို့
သော့တံကျိုးနေတဲ့
သူ့ရဲ့လက်ပတ်နာရီ
နီကယ်တွေကွာကုန်ပေါ့ ။
♣ ထမ်းထားတဲ့တံပိုး
အကောင်းမှန်းအကျိုးမှန်းမသိ
ချမိဖိုို့လဲမစဉ်းစားပြန်
ကိလေသာမျက်မှန်စိမ်းက
ကောက်ရိုးကျွေးရင်းထိန်းထားတာ ။
♣ တခါခါ မထင်မှတ်ဘဲသော်
မျက်မှန်ပေါ်ကကျော်ကြည့်မိ
သူ၏၀န်းကျင်မှာ
တစ္ဆေတွေကိုသာတွေ့သတဲ့ ။
♣ အရိပ်တွေသာဖြစ်တယ်
တကယ်မဟုတ်မှန်းသိတာ
ခဏလေးသာ
မြေးမြစ်တွေမြင်းလုပ်ကာဂုတ်စီးဘို့
သူတို့လက်လေးတွေနဲ့
မျက်မှန်ရဲ့ကိုင်းလေးကို
ပြန်မြှင့်ပေးလိုက်ပြန် ။
♣ ဒီလိုနဲ့
နာရီသံကြားချင်တဲ့နားစည်မြှေး
နားကြပ်ကလေးကူရပြီ
နီပြာဝါစိမ်း ခပ်သိမ်းဟာ
မြူလွှာအမြင်သာရှိတော့တာ
ခြောက်ဆယ်ကျော်ကကြိတ်စက်လည်း
ပင်နယံတွေကွဲကုန်ပြီ
ပိတုန်းကောင်တွေ
စွန့်ခွာသွားလေတဲ့ဦးခေါင်းပိုင်း
ကြာဇံရိုင်းတွေပေါက်နေလေရဲ့ ။
♣ အမှောင်ခန်းငယ်ထဲက
ထွက်ခဲ့ရတဲ့ကလေးငယ်တယောက်
မျက်မှောက်ပြုရာဟာ
ရှေ့မှာရှိနေတဲ့
မှောင်လွန်းတဲ့အခန်းကြီးဘဲဆိုတာ
သိနေခဲ့ပါလျှင် ။
(နဂါးနိုင်)
No comments:
Post a Comment