မှန်ပြင်ပေါ်က အမှား
♣ မျက်မှန်ကြီးတကားကား
ကိုးဆယ်နားကပ်ပြီ
TV ပိုးထိုး
ငါ့အဖိုး ။
♣ တော်လှန်တဲ့ခေတ်
စနစ်ပြောင်းစဉ်က
မဟုတ်မခံ
လူမှန်ကြီးပေါ့ ။
♣ ဟေ့ ငါ့ကို
TV လာဖွင့်ပေးစမ်း
ဧည့်ခန်းပက်လက်ကုလားထိုင်ပေါ်က
အော်နေကျ ။
♣ ဟေ့ ငါ့ကို
TV လာပိတ်ပေးစမ်း
ဇတ်လမ်းမကောင်းရင်
(တနည်း)
ဇတ်ကြမ်းမဟုတ်ရင်
မကြည့်ချင် ။
♣ မြှားတစ်ချောင်းထဲနဲ့
ဗီယက်နမ်ရဲ့တပ်ပေါင်းစုကို
ဖြိုသွားတဲ့ “ရမ်ဘို” ဆို
သိပ်ကိုကြိုက် ။
♣ လက်သီးတစ်လုံးထဲနဲ့
လူဆိုးရဲ့တဂိုဏ်းလုံး
ပြုတ်ပြုတ်ပြုန်းအောင်ထိုးတဲ့
“ဘဂျမ်း” နဲ့ဆို OK ။
♣ ဇတ်လမ်းတွေမယ်
မကောင်းသူပယ်
ကောင်းသူကယ်ရင်
ဘ၀င်သိပ်ကျ
အားရလက်ခုပ်တီးတတ်သေး ။
♣ တနေ့
ဟေ့ ဒီ TV လာပိတ်ပစ်စမ်း
ဧည့်ခန်းကွဲအော်သံ
မှန်တွေအက်လောက်ရဲ့ ။
♣ ကမန်းကတန်းပြေး
ခလုတ်လေးပိတ်မယ်လုပ်
TV ဇတ်ထုပ်ထဲကတခန်း
ယောင်ယမ်းကြည့်မိတယ် ။
♣ အများအကျိုးဆောင်ဇတ်ကောင်
ဖော်လံဖားတွေဂုံး(ကုန်း)တိုက်
ရဲလိုက်ဖမ်းတဲ့ဇတ်လမ်း ။
(နဂါးနိုင်)
No comments:
Post a Comment