အချစ်ရှေ့နေ(သို့)ငြိမ်းချမ်းရေးအကျိုးဆောင်
♣ ကုသရဲ့ပပဟာ
ခုနှစ်ဆောင်ဘုံလွာမှာ
မီးထွန်းစရာမလို
လှအားပိုသတင်း
သင်းလွန်းလှ ။
♣ ပပကိုလိုချင်လို့အငြင်းပွား
၀ိုင်းထား
ခုနှစ်ပြည်ထောင်မင်းအား
ခုနှစ်ပိုင်းထားပြီး
ခုနှစ်တိုင်းဝေမလေ
ကောင်းလိုက်တဲ့ဥာဏ်ကြီးရှင်တွေ ။
♣ ခေါင်းမရှိဘဲနဲ့
မင်းဖြစ်ခဲ့ဟာတွေ
သဟာဆွေဖြစ်ဖို့အရေး
ပပလေးကိုပိုင်းရက်သလား ။
♣ အတွေးခေါင်ကျဉ်း
ခုနှစ်ပြည်မင်းတွေဗျာ့
ပပလက်တဖက်ရလာ
ဘယ်မှာသုံးမတုန်း
ပခုံးတခုခွဲလာ
ဘယ်မှာထားမတုန်း
ခြေသလုံးပိုင်းရ
ရွှေချထားမလား
ကျောသားရင်သား
ချက်စားရတာမှတ်လို့ ။
♣ ဒီတော့
သူပိုင်ကိုယ်ထိုက်
ပြိုင်မိုက်မနေကြနဲ့
သုံးစားမရတဲ့
အစိတ်အပိုင်းကိုဘဲ
လက်ထဲတကွဲတပြား
ထားကြမယ့်အစား
အိုးစားမကွဲရှိမြဲနဂိုတိုင်း
ပပနှင်းဆီရိုင်းလေးကို
ကုသဆိုတဲ့ဘုရားလောင်းလက်
အမြန်ဆက်လိုက်ကြတော့ ။
(နဂါးနိုင်)
No comments:
Post a Comment