Friday, January 1, 2016

သော့တံကျိုးနာရီတစ်လုံး (ကဗျာ)





    
     သော့တံကျိုးနာရီတစ်လုံး

♣      အမှောင်ခန်းငယ်ထဲက
     ကလေးတယောက်
     ပြတင်းပေါက်ကထွက်
     အငိုမျက်လုံးလေးတလည်လည် ။
♣   သူဟာခရီးဆက်
     ပြက္ခဒိန်တွေကို
     တရွက်ပြီးတရွက်ဝါးမျို ။
♣   သူ့စာမျက်နှာမှာ
     သင်ညာတွေချရေး
     ရေဒါလေးထဲဝင်သမျှ
     သံစဉ်အားလုံး(ကောင်းတာရော၊မကောင်းတာရော)
     စုရုံးပြီးမှတ်စွဲ
     ဆုံချက်လွဲမှန်းမသိတဲ့မျက်လုံးနဲ့
     အရောင်ရဲ့သရုပ်ကို ခွဲလိုခွဲ ။
♣    နောင်မှာ
     မောင်ဆိုတဲ့မြို့ကနေ
     ဦးဆိုတဲ့မြို့ကိုအပြီးပြောင်း
     ပြက္ခဒိန်တွေကိုတော့ ၀ါးကောင်းဆဲဘဲလေ ။
♣   နောက်ပြန်လှည့် ရှေ့တိုးဖို့
     သော့တံကျိုးနေတဲ့
     သူ့ရဲ့လက်ပတ်နာရီ
     နီကယ်တွေကွာကုန်ပေါ့ ။
♣   ထမ်းထားတဲ့တံပိုး
     အကောင်းမှန်းအကျိုးမှန်းမသိ
     ချမိဖိုို့လဲမစဉ်းစားပြန်
     ကိလေသာမျက်မှန်စိမ်းက
     ကောက်ရိုးကျွေးရင်းထိန်းထားတာ ။
♣   တခါခါ မထင်မှတ်ဘဲသော်
     မျက်မှန်ပေါ်ကကျော်ကြည့်မိ
     သူ၏၀န်းကျင်မှာ
     တစ္ဆေတွေကိုသာတွေ့သတဲ့ ။
♣   အရိပ်တွေသာဖြစ်တယ်
     တကယ်မဟုတ်မှန်းသိတာ
     ခဏလေးသာ
     မြေးမြစ်တွေမြင်းလုပ်ကာဂုတ်စီးဘို့
     သူတို့လက်လေးတွေနဲ့
     မျက်မှန်ရဲ့ကိုင်းလေးကို
     ပြန်မြှင့်ပေးလိုက်ပြန် ။
♣   ဒီလိုနဲ့
     နာရီသံကြားချင်တဲ့နားစည်မြှေး
     နားကြပ်ကလေးကူရပြီ
     နီပြာဝါစိမ်း ခပ်သိမ်းဟာ
     မြူလွှာအမြင်သာရှိတော့တာ
     ခြောက်ဆယ်ကျော်ကကြိတ်စက်လည်း
     ပင်နယံတွေကွဲကုန်ပြီ
     ပိတုန်းကောင်တွေ
     စွန့်ခွာသွားလေတဲ့ဦးခေါင်းပိုင်း
     ကြာဇံရိုင်းတွေပေါက်နေလေရဲ့ ။
♣   အမှောင်ခန်းငယ်ထဲက
     ထွက်ခဲ့ရတဲ့ကလေးငယ်တယောက်
     မျက်မှောက်ပြုရာဟာ
     ရှေ့မှာရှိနေတဲ့
     မှောင်လွန်းတဲ့အခန်းကြီးဘဲဆိုတာ
     သိနေခဲ့ပါလျှင် ။
                               (နဂါးနိုင်)

No comments:

Post a Comment