Wednesday, April 13, 2016

သင်္ကြန်အတွေး


          ဟိုနားက တူးပို့ တူးပို့ ၊ ဒီနားမှာ မမကိုယ်တိုင်ကနဲ့ ပျော်လိုက်ကြတဲ့အတာရေသဘင်။ “၀ူး…ဗြဲ…ဗြဲ” နဲ့ အိတ်ဇောဖွင့်မောင်းတဲ့ ဆိုင်ကယ်သံတွေအောက် နွေမ ပျောက်သွားပြန်ပေ့ါ။ ကောင်လေးတွေကမူး၊ ကောင်မလေးတွေကပြူး(ဘာပြူးသလဲတွေးကြည့်ကြတော်မူကုန်)နဲ့။ ပျော်သလားဟေ့ မောင်တို့ရေ (ပျော်တယ်ဟေ့)၂ ပေါ့ဗျာ။
          ဟိုး…အဝေးဆီက ဥသြငှက်တွန်သံလေးသဲ့သဲ့ကြားရတော့ ဘယ်ဆီဘယ်ဝယ်ကိုမသိ လွမ်းမိပါရဲ့။ ဟော…နောက်ထပ်ဥသြသံ တစ်သံထပ်ကြားရပြန်တယ်။ ငှက်ဥသြသံလို့တော့မ ထင်လိုက်ပါနဲ့။ လူနာတင်ယာဉ်ရဲ့ ဥသြသံဗျ။ စောစောက ဆိုင်ကယ်တဗြဲဗြဲနဲ့ ပြည့်သားကောင်း ရတနာလေးတွေ ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်ကြလို့တဲ့ဗျား…။
          ကဲ…ထားပါတော့၊ထားလိုက်ပါတော့။သင်္ကြန်အတွေးလေးဘဲ ဆက်တွေးပါရစေ။ ဒီနှစ် သင်္ကြန်စာမှာ သိကြားမင်းကြီး ဘာကိုင်၊ဘာစီးပြီး လူ့ပြည်ဆင်းသလဲမသိဘူး။ မသိဆို ကျွန်တော်ကောက်ကြောင်းတစ်ယောက် သင်္ကြန်စာမဖတ်တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီကိုး။ လူတွေပြောကြတယ်။ သင်္ကြန်တွင်းသိကြားမင်းလူ့ပြည်ဆင်းပြီး မကောင်းမူလုပ်သူတွေစာရင်း ခွေးရေပုရပိုက်ထဲ ရေးသွင်းသွားပါသတဲ့ ။ ကောင်းတဲ့အလုပ်မို့ ကောက်ကြောင်းတို့ သောင်ပြို ကမ်းပြို ထောက်ခံပါတယ်။ ဒါပေမယ့် တရားဟောဓမ္မကထိကဆရာတော်တွေ ဟောတဲ့တရား တွေ များများနာဖန်များလာတော့ စဉ်းစားဆင်ခြင် ဝေဖန်သုံးသပ်တတ်လာတယ် ။ ဒါ…ဗုဒ္ဓဘာ သာဝင်တွေရဲ့ ဖြစ်သင့်တဲ့အရာလို့ ထင်ပါတယ်။ သိကြားမင်း လူ့ပြည်ဆင်းတဲ့ကိစ္စကို ကောက် ကြောင်းဒီလိုတွေးမိတယ်။ နတ်ပြည်ခြောက်ထပ်မှာ အောက်ဆုံးအထပ် စတုမာရဇ်နတ်ပြည်ရဲ့
တစ်ရက်ဟာ လူ့ပြည်အနှစ်( ၅၀)ရှိပါတယ်။ သူ့အထက်က တာဝတိံသာနတ်ပြည်တစ်ရက်က လူ့ပြည်အနှစ်(၁၀၀)ပါတဲ့။ ကောက်ကြောင်းတစ်ယောက် ခဲတံတိုနဲ့စာရွက်ညိုရှာပြီး တွက်ချက် လိုက်တော့ ထွက်လာတဲ့ဂဏာန်းတွေကြည့်ပြီး ဦးမာဃကြီးအတွက် အတော်လေးစိတ်ပူသွားမိ တယ်။ လူ့ပြည်(၁)နှစ်ဟာ သူ့ဆီမှာ(၀.၀၁)ရက်ဘဲရှိတယ်။ နာရီနဲ့ဆို(၀.၂၄)နာရီ။ မိနစ်နဲ့ဆိုရင်
(၁၄.၄) မိနစ် (အတွက်အချက် အလွန်ရှော်သောကောက်ကြောင်း၏ တွက်ချက်မှုမှားလျှင်ခွင့်
လွှတ်ပေးတော်မူကြပါကုန်) ဘဲ ရှိလို့ပါ။ လူ့ပြည်ကို (၁၄.၄)မိနစ်တစ်ကြိမ်ဆင်းနေရတဲ့ ဦးမာ
ဃကြီး သုဓမ္မာသဘင် ဘယ်လိုဝင်နိုင်ပါ့မလဲ။ အနားမှာမနေပေးနိုင်လို့ မယားချောလေးသုဇာ
ဇာတာရဲ့ မျက်စောင်းဒဏ် ခံနိုင်ပါ့မလားပေါ့ဗျာ။ ဘာဘဲပြောပြော ကြိုက်တာကိုစီး၊ ကြိုက်တာ
ကိုကိုင်ပြီးဆင်းသာဆင်းလာပါဗျာ။ ဒီမှာ မှတ်စရာလူစာရင်း များလွန်းလို့။
          အင်း…ဘရိတ်မရှိတဲ့အတွေး ဟိုပြေးဒီပြေးဆိုသလိုဘဲ စလေဦးပုညရဲ့“သိကြားလိမ်”
ဆိုတဲ့တေးထပ်ရဲ့ အဆုံးပိုဒ်တွေဆီ ရောက်သွားပြန်ရော…။
 ♣   ၀ိမလ နန်းသစ်ပေါ်မှာ
     သန်းရှစ်ဖော် ရွေများနှင့်
     ဘုရားကို နှစ်ရစ်လိမ်
     ညစ်တဲ့မာဃိန် ။

♣   ပစ်ရှာမည့် ၀ရဇိန်ငယ်
     ပန်းတိမ်မှာပြင် တုန်းထင့်လေး ။

No comments:

Post a Comment