Sunday, December 27, 2015

ပညာရှိတရားသူကြီများ(၂)

 
           တစ်နေ့မှာ ထင်းထမ်းသမားတစ်ယောက်ဟာ သူ့ထင်းစည်းကိုချပြီး လမ်းဘေးသစ်ပင်
အောက်မှာ နားနေတယ်။ ဆားတွေသယ်လာတဲ့ လူတစ်ယောက်လည်း ရောက်လာပြီး သူ့ဆား
ထုပ်ကိုချကာ အဲဒီလမ်းဘေးသစ်ပင်အောက်မှာဘဲနားနေတယ်။ အမောအပန်းပြေတော့ သူတို့
နှစ်ဦးလုံး  ခရီးဆက်ဖို့ ဟန်ပြင်ကြတယ် ။  ထွက်မလို့လုပ်နေကြတုန်း တယောက်နဲ့တယောက်
 အချီအချ ငြင်းခုန်နေတယ်။ သိုးသားရေကို သူပိုင်တယ်ငါပိုင်တယ်နဲ့။ သူ့သိုသားရေ ငါ့သိုးသား
ရေလို့။ အစကတော့ အချီအချ ပြောရုံငြင်းခုံကြတာဘဲ။ နောက်တော့ ထိုးကြိတ်ကြတဲ့ အထိကို
ဖြစ်သွားတယ်။ ၀တ်ထားတဲ့အ၀တ်တွေ စုတ်ပြဲကုန်တဲ့အထိ ဆွဲလားလွဲလား ထိုးလးကြိတ်လား
နဲ့။ မျက်နှာတွေမှာလည်း သွေးတွေနဲ့။ ဘယ်သူမှလည်း အလျော့မပေးဘူး။ ဒါနဲ့ ဒီပြဿနာဟာ
တရားသူကြီး အဆုံးအဖြတ်ခံယူဖို့  တရားသူကြီးထံ အမှုရောက်သွားတော့တယ် ။ တရားရုံးကို
ရောက်သွားတော့ တရားခွင်မှာ တရားသူကြီးကမေးတယ်။
          "မောင်မင်းတို့နှစ်ယောက် ဘာဖြစ်လို့ ထိုးကြိတ်ကြတာလဲ"
          "သိုးသားရေက ကျွန်တော့်ပစ္စည်းပါ၊ ကျွန်တော် ထင်းသယ်တော့ ကျောကိုမဆူးရလေ
အောင် အကာအကွယ်အနေနဲ့နေ့စဉ်အသုံးပြုတာပါ၊သူ ကျွန်တော့်ဆီကခိုးယူဖို့ အားထုတ်ခြင်း
ဖြစ်ပါတယ်"
          "သိုးသားရေကကျွန်တော့ပစ္စည်းပါ၊ကျွန်တော်ဆားသယ်တော့ ကျောကုန်းကိုကာကွယ်
ဖို့နေ့တိုင်းအသုံးပြုတာဖြစ်ပါတယ်၊သူ ကျွန်တော့်ထံမှခိုးယူဖို့ အားထုတ်ခြင်းဖြစ်ပါတယ်"
          တရားသူကြီးလည်း သူ့ဝန်ထမ်းတစ်ယောက်ကို ခေါ်ပြီး ဖျာတစ်ချပ်ယူခိုင်းတယ် ။  ယူ
လာတဲ့ဖျာကို တရားခွင်မှာခင်းလိုက်တယ်။သိုးသားရေကိုဖျာပေါ်တင်ပြီး ၀ါးရင်းတုတ်နဲ့ရိုက်ခိုင်း
တယ် ။ ဖျာပေါ်ကို ဆားခဲတွေကျလာတယ်။ ထင်းထမ်းသမားက သိုးသားရေကို အခြားသူပိုင်
ဆိုင်ကြောင်းဝန်ခံလိုက်ရတယ်။             (တရုတ်ပုံပြင်)

(တင့်ထွန်းဆွေ ၏ နိုင်ငံရပ်ခြားပုံပြင်များ စာအုပ် စာ-၂၆၀ မှ)

No comments:

Post a Comment