Sunday, December 27, 2015

ပညာရှိတရားသူကြီများ(၁)



ရှေးအခါကရွာတရွာမှာပခုံးထမ်းဈေးသည်တစ်ယောက်ရှိတယ်။သူကနှမ်းဖတ်တွေရောင်းတယ်
နှမ်းဖတ်တွေ ထမ်းရောင်းပြီး အိမ်ပြန်လာတယ် ။ ခရီးပန်းလို့ လမ်းမှာ ခဏတဖြုတ် နားတယ်။
ကျောက်ဆောင်တစ်ခုအပေါ်မှာတောင်းကိုတင်ခဲ့ပြီးလမ်းနဲ့နဲနဲဝေးတဲ့နေရာမှာအပေါ့သွားတယ်။ 
သူပြန်ရောက်တဲ့အခါ တောင်းအောက်ထဲမှာထားတဲ့ပိုက်ဆံတွေမရှိတော့ဘူး။တစ်နေ့လုံးရှာဖွေ
ထားတဲ့ပိုက်ဆံတွေ ပျောက်ချင်းမလှပျောက်သွားတယ် ။ဒါနဲ့သူလည်းတရားရုံးတရားသူကြီးကို
အမြန်ပြေးတိုင်ကြားတယ်။
          တရားသူကြီးက သူ့ဝန်ထမ်းနှစ်ဦးကို ကျောင်ဆောင်ကိုဖော်ယူလာစေတယ်။ တရားရုံး
မှာအမှုစစ်တော့တာပေါ့။ တရားသူကြီးနေ့တ၀က်လုံးစစ်ဆေးပေမယ့် ကျောက်ဆောင်ထံမှဘာ
တစ်ခွန်းမှ မရဘူး။ ကျောက်ဆောင်က စကားတစ်လုံးမှမပြောဘူး။ကျောက်ဆောင်ကို ကြိမ်လုံး
နဲ့ရိုက်ဖို့အမိန့်ပေးတယ်။ ၀န်ထမ်းတွေက အမိန့်အတိုင်း ကြိမ်လုံးနဲ့ရိုက်တယ်။ ဘာတစ်ခွန်းမှကို
ထွက်မလာဘူး။ ကြိမ်လုံးသာကျိုးသွားတယ်။
          တရားခွင်မှာ လာရောက်နားထောင်နေကြတဲ့ လူအုပ်ကြီးက တရားသူကြီးကို ကြည့်ပြီး
ရယ်မောကြတယ်။ တရားသူကြီး စိတ်ဆိုးသွားတယ်။ ဒါကြောင့် တစ်ဦးကို ဒင်္ဂါးတစ်ပြားစီ ဒဏ်
ရိုက်တယ်။ တစ်ယောက်ချင်းစီဒဏ်ရိုက်ပြီး တရားရုံးအပြင်ဘက် ထွက်သွားရတယ်။ သူတို့ထွက်
ခွာမသွားမီ သူတို့ပိုက်ဆံကို ရေဖြည့်ထားတဲ့စည်ပိုင်းထဲ ထည့်ရတယ်။ ချက်ချင်းဘဲသူတို့ထဲက
လူတစ်ဦးအမည်ကို ခေါ်လိုက်တယ်။
          "အေး…တွေ့ပြီ၊ မင်းသူခိုးဘဲ"
အဲဒီလူက သူခိုးဖြစ်ကြောင်းဝန်မခံဘူး။ အဲဒီအခါ တရားသူကြီးက ရှင်းပြတယ်။
          "ဈေးသည်ကနှမ်းဖတ်ရောင်းတယ်။သူရောင်ရသမျှပိုက်ဆံတွေကို တောင်းအောက်ခြေ
မှာ သိမ်းထားတယ်။ အဲဒီနေရာမှာ သိမ်းထားလို့ ပိုက်ဆံတွေဆီပေနေတယ်။ အခြားသူတွေရေ
စည်ပိုင်းထဲ ထည့်တော့ ဘာမှမဖြစ်ဘူး ။ မင်းထည့်တော့ ဆီတန်းတစ်တန်း ရေမျက်နှာပြင်ပေါ်
ဝေ့တက်လာတယ်။အဲဒီအထောက်အထားတွေကြောင့် မင်းသူခိုးဖြစ်တယ်ဆိုတာငါသိရတယ်"
          အဲဒီလူကို သူခိုးဖြစ်တယ်လို့ မနည်းဝန်ခံခိုင်းရတယ်။        (တရုတ်ပုံပြင်)

(တင့်ထွန်းဆွေ ၏ နိုင်ငံရပ်ခြားပုံပြင်များ စာအုပ် စာ-၂၅၉ မှ)

No comments:

Post a Comment